Live Score

 

မြန်မာနေရှယ်လိဂ် ဘာလဲ ဘယ်လဲ - ဦးမျိုးကြီး

မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကို ၂၀၀၉ခုနှစ် ဧပြီလမှာ စတင်တည်ထောင်ကျင်းပခဲ့တာ ဖြစ်လို့ အခုဆိုရင် ခုနစ်နှစ်တာ ကာလကို ကျော်လွန်လာခဲ့ပြီ ဖြစ်ပါတယ်။

မြန်မာ့ဘောလုံး အဆင့်အတန်း မြင့်မားရေး ရည်ရွယ်ပြီး အပျော်တမ်း စနစ်ကနေ ပရော်ဖက်ရှင်နယ်ကို ပြောင်းလိုက်တဲ့အတွက် မြန်မာ့ဘောလုံး အဆင့်အတန်း မြင့်မားလာခဲ့သလား။ ဒါမှမဟုတ် ဘယ်လို အခြေအနေမှာ ရှိနေသလဲ။ ပရော်ဖက်ရှင်နယ်စနစ် ကူးပြောင်းခဲ့တာဟာ မှန်ကန်မှုရှိရဲ့လား။ ငွေကုန် သံပြာတွေ ဖြစ်သွားခဲ့ကြသလား။ အနာဂတ် ကာလမှာရော ဘယ်လိုတွေ ရှိလာနိုင်သလဲ။ ဒီစနစ်ကို ကူးပြောင်းလိုက်တာကြောင့် ဘယ်သူတွေ အကျိုးများခဲ့ကြပြီး ဘယ်သူတွေ ထိခိုက်နစ်နာခဲ့ကြသလဲ အစရှိတာတွေကို သုံးသပ်ဖို့ ဒီအချိန်ကာလဟာ လုံလောက်တဲ့ ကာလတစ်ခု ဖြစ်တယ်လို့ ဦးမျိုးကြီးကတော့ ဆိုချင်ပါတယ်။ ဒီလိုသုံးသပ်တဲ့ နေရာမှာ မှန်မှန်ကန်ကန် သုံးသပ်ကြဖို့ လိုသလို ရရှိလာတဲ့ အချက်အလက် အမှန်တွေပေါ်မှာ အခြေခံပြီး သုံးသပ်မှလည်း အဖြေမှန်ကို ရလာမှာ ဖြစ်ပါတယ်။ နောက်တစ်ချက်က မြန်မာနေရှင်နယ်လိဂ် စတင်ကျင်းပချိန်က ချမှတ်ထားတဲ့ မူဝါဒတွေ၊ ရှေ့လုပ်ငန်းစဉ်တွေ ဘယ်လောက်ထိ အောင်မြင်အောင် အကောင်အထည် ဖော်နိုင်ခဲ့ပြီလဲ။ အချိန်ကာလ ကြာမြင့်လာတာနဲ့အမျှ အခြားသော ဖြစ်ပေါ်ပြောင်းလဲမှုတွေနဲ့အတူ အရင်ထားရှိခဲ့တဲ့ မူဝါဒနဲ့ ရှေ့လုပ်ငန်းစဉ်တွေက အပြောင်းအလဲရှိခဲ့ပြီလား။ ဒါမှမဟုတ် အပြောင်းအလဲလုပ်ဖို့ လိုနေပြီလား ဆိုတာကိုလည်း မဖြစ်မနေ သုံးသပ်အဖြေရှာကြရမှာ ဖြစ်ပါတယ်။


ဦးမျိုးကြီး တစ်ယောက်တည်းရဲ့ အမြင်ကို ပွင့်ပွင့်လင်းလင်း တင်ပြအစီရင်ခံရမယ် ဆိုရင်တော့ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲဟာ မူလရည်မှန်းချက် တစ်ခုဖြစ်တဲ့ မြန်မာ့ဘောလုံး အဆင့်အတန်း ပြန်လည် မြင့်မားရေး အဓိက ပန်းတိုင်ကို ခုနစ်နှစ်တာ ကြာမြင့်လာတဲ့အထိ ဆုပ်ကိုင်နိုင်ခြင်း မရှိသေးတဲ့အပြင် ဆယ်စုနှစ်တစ်ခု မပြည့်ခင်မှာပဲ ကြီးမားတဲ့ အက်ကြောင်းတချို့ ထွက်ပေါ်လာခဲ့ပြီလို့ ဆိုချင်ပါတယ်။ ဒီနေရာမှာ တချို့သော မြန်မာနေရှင်နယ်လိဂ်ကို သံယောဇဉ်ကြီးတဲ့ ပုဂ္ဂိုလ်တွေဘက်က ယူ-၂၀အသင်း ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်ခဲ့တာကို အောင်မြင်မှုအဖြစ် ဆွဲထုတ်ပြလာကောင်း ပြလာနိုင်ပါတယ်။ ဒါပေမဲ့ ဒါဟာ လက်ရွေးစင်အဆင့် မဟုတ်လို့ ဦးမျိုးကြီးကတော့ အောင်မြင်မှု တစ်ခုအဖြစ် မမှတ်ယူပါဘူး။ ၀ုန်းခနဲထတောက်ပြီး ချက်ချင်း ပြန်ငြိမ်းသွားတဲ့ ကောက်ရိုးမီး အောင်မြင်မှုတစ်ခု အဖြစ်ပဲ ဦးမျိုးကြီးကတော့ မှတ်ယူပါတယ်။ မှန်လား မှားလား ဆိုတာတော့ သက်ဆိုင်ရာ လူကြီးမင်းတွေပဲ အသိဆုံးဖြစ်မှာပါ။ ဒါဆိုရင် မြန်မာ နေရှင်နယ်လိဂ် ဘာတွေ မှားခဲ့သလဲဆိုတာ ရှင်းလင်းချက်ပေးဖို့ လိုလာပါပြီ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဦးမျိုးကြီး အမြင်ကို ပွင့်လင်းရိုးသားစွာ တင်ပြရမယ်ဆိုရင်ဖြင့် ပထမဆုံး မြင်မိတဲ့ အချက်ကတော့ လိုအပ်ချက်အရ ရွေ့ခဲ့တဲ့ အရွေ့တစ်ခု မဟုတ်ဘဲ အတင်း တွန်းရွှေ့ခဲ့တာကြောင့် ရွှေ့ခဲ့ရတဲ့ အရွေ့တစ်ခု ဖြစ်နေတာက အဓိကကျမယ် ထင်ပါတယ်။ နိုင်ငံရေး ဝေါဟာရတွေသုံးပြီး ခမ်းခမ်းနားနား တင်စားရရင် အခြေခံ အဆောက်အအုံ ခိုင်မာခြင်း မရှိသေးဘဲနဲ့ အပေါ်ထပ် အဆောက်အအုံကို အတင်းတွန်းရွှေ့ခဲ့တဲ့ ဖြစ်ရပ်မျိုး ဆိုပါတော့။ နောက်တစ်ချက်ကတော့ ဓနအားနဲ့ တွန်းရင် ရွေ့မလားဆိုတဲ့ မှားယွင်းတဲ့ အတွေးတစ်ခုကို လက်တွေ့ အကောင်အထည်ဖော်ဖို့ ကြိုးစားခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ မြန်မာနေရှင်နယ်လိဂ် ခေတ်ဦးကို ပြန်ကြည့်ရင် အရာရာတိုင်းဟာ ဓနနဲ့ လွှမ်းခြုံထားခဲ့တာကို မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင်ကြီးတွေရဲ့ ချမ်းသာကြွယ်ဝမှု အားကိုယူပြီး ရွေ့ဖို့ ကြိုးစားခဲ့တာဖြစ်လို့ သက်ဆိုင်ရာ ကလပ် အသီးသီးအတွက် ပိုင်ရှင်တွေဘက်က အသုံးပြုခဲ့တဲ့ ငွေကြေး ပမာဏဟာ တစ်ခေတ်မှ တစ်ခါဆိုသလို ကြောက်စရာ ကောင်းလောက်တဲ့အထိ ဖြစ်ခဲ့တာကိုလည်း ပြန်အမှတ်ရကြဦးမယ် ထင်ပါတယ်။ ဥပမာအားဖြင့် ဘောလုံးသမား တစ်ယောက်ရဲ့ လုပ်ခကို သိန်း ၃၀ ပေးတာတွေ၊ ဘောလုံးသမား တစ်ယောက်ရဲ့ ပြောင်းရွှေ့ကြေးက မြန်မာငွေ ကျပ် သိန်းဆယ်ဂဏန်း များစွာ ရှိခဲ့တာမျိုးတွေပေါ့။ ဒီနေရာမှာ တချို့သော ပုဂ္ဂိုလ်တွေက စီးပွားရေး လုပ်ငန်းရှင်တွေ အနေနဲ့ အကျိုးလိုလို့ ညောင်ရေသွန်းခြင်း ဖြစ်တယ် ဆိုတာမျိုးတွေလည်း ပြောကြဆိုကြတာကို ဦးမျိုးကြီး သတိပြုမိပါတယ်။ ဒီလို ပြောစကားတွေနဲ့ ပတ်သက်လို့တော့ ဦးမျိုးကြီး သဘောမတူပါဘူး။ ဘာကြောင့်လဲ ဆိုတော့ စီးပွားရေးလုပ်ငန်းရှင် ဆိုတာကတော့ ငွေကြေး စိုက်ထုတ် ကုန်ကျပြီးရင် အဲဒီကရတဲ့ အကျိုးအမြတ်ကို မျှော်ကိုးကြတာချည်းပါပဲ။ မြန်မာ့ဘောလုံး လောက အဆင့်အတန်း မြင့်မားရေး ဘာညာသရကာတွေ ဘယ်လိုပဲ အော်နေအော်နေ အထွက် သက်သက်သာရှိပြီး အ၀င်ဇီးရိုး အလုပ်မျိုးကို ဘယ်စီးပွားရေး လုပ်ငန်းရှင်ကမှ လုပ်ကိုင်ကြမှာ မဟုတ်တာ သေချာပါတယ်။ တကယ်တော့ ငွေကြေးပိုင်းအရ အဲဒီလောက်အထိ အကုန်အကျတွေ မများရအောင် နည်းနည်းနဲ့ ကျဲကျဲဝိုင်းပြီး အောင်မြင်မှုရအောင် ရေရှည် ရပ်တည်နိုင်ဖို့ ဘယ်လို အစီအမံတွေ ချမှတ်မလဲ အစရှိတာတွေဟာ တာဝန်ရှိသူတွေ ဘက်က လုပ်ဆောင်ရမယ့် အချက်တွေပါ။ သို့သော်လည်းပဲ တာဝန်ရှိသူတွေ ဘက်က ဒီအချက်တွေကို လုံးဝနီးပါး လျစ်လျူရှုခဲ့ပြီး ငါတို့တွန်းလို့ ရွေ့ခဲ့ပြီဆိုတာကို ချပြနိုင်ဖို့ အတွက် မြန်မာနေရှင်နယ်လိဂ် ခေတ်ဦးကို ငွေနဲ့လမ်းခင်းပြီး ဖွင့်လှစ်ခဲ့တာပါ။ တာဝန်ရှိသူတွေဟာ ပြိုင်ပွဲနဲ့ ပတ်သက်တဲ့ ပွဲမှန်သမျှကို ရန်ကုန်မြို့ပေါ်က နိုင်ငံတကာ အဆင့်မြင့် ဟိုတယ်ကြီးတွေမှာပဲ ကျင်းပခဲ့ကြသလို ကလပ်အသင်းတွေ ဘက်ကလည်း ဘောလုံးရာသီ တစ်ခုတည်းအတွက်တင် ကျပ်ငွေ သိန်းသောင်းချီ အကုန်ခံပြီး မြန်မာ့ဘောလုံး ပရိသတ် မျက်စိကျအောင် အဲ ဦးမျိုးကြီးကတော့ မျက်စိလည်သွားအောင် လုပ်ဆောင်ခဲ့ကြပါတယ်။ နောက်ထပ် အဆိုးရွားဆုံး အချက်တစ်ခုကတော့ ဘောလုံးကွင်းထဲကို ပရိသတ် လာရောက် ကြည့်ရှုဖို့အတွက် မှားယွင်းတဲ့ ဆွဲဆောင်မှုတွေနဲ့ ဆွဲဆောင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ မြန်မာနေရှင်နယ်လိဂ် ခေတ်ဦးကို ပြည်ကြည့်ရင် ဘောလုံးကွင်းထဲမှာ ပရိသတ်တွေ ကွင်းလုံးပြည့် တချို့သော ပွဲစဉ်တွေဆိုရင် ကွင်းလျှံတဲ့အထိ လာရောက်ခဲ့ကြတာကို သတိရကြဦးမှာပါ။ ဒါပေမယ့် ဒီလူတွေဟာ မြန်မာနေရှင်နယ် လိဂ်ဘောလုံးကို အမှန်တကယ် ချစ်မြတ်နိုးလို့ ကွင်းထဲကိုလာရောက် သူတွေလား၊ ဒါမှမဟုတ် တခြားသော ဆွဲဆောင်မှုတွေကြောင့် ကွင်းထဲ လာရောက်ခဲ့ကြသူတွေလား ဆိုတာ အခုအချိန်မှာတော့ အဖြေမှန် ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။ ဒီနေရာမှာ စင်ကာပူ နိုင်ငံက အမှတ်ပေး ပြိုင်ပွဲတွေမှာ ကွင်းထဲကို လာရောက်ကြည့်ရှုတဲ့ ပရိသတ်တွေထဲက အားပေးပုံ အကောင်းဆုံး ပရိသတ်ကို ဒေါ်လာ ၅၀၀ ချီးမြှင့်ပြီး ပရိသတ်ကို ဆွဲဆောင်ခဲ့ဖူးတာ ဦးမျိုးကြီး သွားသတိရမိပါတယ်။ သူတို့လည်း ကွင်းထဲကို ပရိသတ် ရောက်လာအောင် နည်းလမ်းပေါင်းစုံ သုံးပြီး ဆွဲဆောင်ခဲ့ပေမယ့် အောင်မြင်မှု မရခဲ့ပါဘူး။ အဲ နောက်ထပ်တစ်ခုကတော့ မြန်မာနေရှင်နယ်လိဂ် အဖြစ် ပုံစံပြောင်းပြီး ပရော်ဖက်ရှင်နယ်လိဂ်လို့ ခေါင်းစီးတပ်လိုက်ပေမယ့် ဘောလုံးကွင်းတွေ အဆင်သင့် ရှိမနေသေးဘူး။ ဘောလုံးနဲ့ ပတ်သက်တဲ့ စီးပွားရေး လုပ်ငန်းတွေ ဘာမှရှိမနေသေးဘူး။ ကုန်ကုန်ပြောရရင် ပရော်ဖက်ရှင်နယ် စနစ်နဲ့ ကိုက်ညီတဲ့ ၀န်ထမ်းအင်အားတောင် အလုံအလောက် မရှိသေးဘဲနဲ့ အပြောင်းအလဲ လုပ်ခဲ့တာဖြစ်လို့ ခုနစ်နှစ် ကြာမြင့်ချိန်မှာ အက်ကြောင်း ထင်လာခဲ့တာဟာ နည်းတယ်လို့တောင် ဆိုရမှာ ဖြစ်ပါတယ်။ အသေအချာ ပြန်စဉ်းစားကြည့်ရင် ပရော်ဖက်ရှင်နယ် စနစ်ကို ကူးပြောင်းတော့ ခန့်အပ်လိုက်တဲ့ ၀န်ထမ်းတွေကို ကြည့်ပါ။ ဥပမာ စည်းကမ်းထိန်းသိမ်းရေး ကော်မတီ ဆိုပါတော့။ သက်ကြားအို အားကစားကလောင်ရှင် ခင်မောင်ထွေး (ပျဉ်းမနား) ကို ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့တယ်။ ၂၀၁၅ခုနှစ် ကွယ်လွန်ချိန်မှာ အသက် ၈၅ နှစ် ရှိပြီဖြစ်တာကြောင့် သူ စည်းကမ်း ထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ ဖြစ်လာတော့ ဘယ်အသက် အရွယ်ရှိနေပြီလဲဆိုတာကို ထင်ထင်ရှားရှား မြင်တွေ့ရမှာ ဖြစ်ပါတယ်။ သူ့ရဲ့ လုပ်ငန်းတာဝန်တွေနဲ့ သူ့အသက်အရွယ် လိုက်ဖက် မျှတမှုရှိရဲ့လား ဆိုတာကလည်း စဉ်းစားစရာပါ။ နောက်မီဒီယာ၊ ဒီကနေ့လို အချိန်အခါမျိုးမှာ ဘယ်ကဏ္ဍကိုပဲ ကြည့်ကြည့် မီဒီယာဟာ မရှိမဖြစ် အရေးပါတဲ့ နေရာမှာ ရှိတယ်ဆိုတာ ဘယ်လိုမှ ငြင်းမရနိုင်တဲ့ အချက်ပဲ ဖြစ်ပါတယ်။ သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးဟာ သူတို့နဲ့ လိုက်ဖက်တဲ့ မီဒီယာ တာဝန်ရှိသူတွေကို စနစ်တကျ ခန့်အပ်လေ့ရှိပြီး မီဒီယာ တာဝန်ခံတွေရဲ့ လုပ်ကိုင်ဆောင်ရွက်ပုံတွေဟာ ကိုယ့်လုပ်ငန်း အောင်မြင်မှုအပေါ် အများကြီး အထောက်အကူပြုမှာ ဖြစ်ပါတယ်။ မြန်မာနေရှင်နယ်လိဂ် စတင် အကောင်အထည်ဖော်တော့ မီဒီယာ တာဝန်ရှိသူတွေကို ခန့်အပ်ခဲ့ပါတယ်။ သို့သော်လည်းပဲ ပရော်ဖက်ရှင်နယ် ဘောလုံးနဲ့ပတ်သက်ပြီး ကျွမ်းကျင်တဲ့ မီဒီယာတွေ မဟုတ်ဘဲ အားကစား ကလောင်ရှင်တွေထဲက မြန်မာ့ဘောလုံး အကြောင်းကို အစဉ်တစိုက် ရေးသားခဲ့သူတွေ ဒီထက်ပိုပြီး ပြောရရင် မြန်မာ့ဘောလုံးလောကရဲ့ အကြောင်းအကျိုး အကောင်းအဆိုးကို အစဉ်တစိုက် ရေးသားခဲ့သူတွေထဲက လူငယ်တချို့ကို ခန့်အပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ ဘောလုံး အကြောင်း စာရေးသူနဲ့ ပရော်ဖက်ရှင်နယ် ဘောလုံးရပ်ဝန်း တစ်ခုရဲ့ မီဒီယာ တာဝန်ရှိသူတွေကြား လုပ်ငန်းလုပ်ဆောင်တာတွေ တာဝန်ယူရပုံက တော်တော်လေး ကွဲပြားနေမှာ သေချာပါတယ်။ ဒါက ဦးမျိုးကြီးနဲ့ ပတ်သက် ဆက်နွယ်နေတာမို့ တင်ပြနိုင်တာပါ။ မြန်မာနေရှင်နယ်လိဂ်မှာ ခန့်အပ် တာဝန်ပေးထားတဲ့ တခြားသော ၀န်ထမ်းတွေဘက်မှာ ဘယ်လောက်အထိ အားနည်းချက်တွေ ချို့ယွင်းချက်တွေ ရှိနေတယ်ဆိုတာ အတွင်းစည်းကလူတွေ ပိုသိနိုင်မှာ ဖြစ်ပါတယ်။ ကိုယ်ပိုင် ဘောလုံးကွင်းတွေ မရှိတာကြောင့် သက်ဆိုင်ရာ ဒေသအသီးသီးက နိုင်ငံတော်ပိုင် ကွင်းတွေကို နှစ်ရှည် စာချုပ်တွေနဲ့ ငှားရမ်းလုပ်ပိုင်ခွင့် ပြုစေခဲ့တယ်။ တစ်ချိန်က အကြောင်းအမျိုးမျိုးကြောင့် ဘာသံမှ ထွက်မလာခဲ့ပေမယ့် အခုအခါမှာတော့ ကွင်းပြန်တောင်းတာတွေ ရှိလာခဲ့ပြီ ဖြစ်သလို အကုန်တာရှိပြီး ပြန်ရတာ ဘာမှ မရှိတဲ့ အပြင် မူလရည်မှန်းချက်ဖြစ်တဲ့ ဘောလုံးအဆင့်အတန်း မြင့်မားရေးဆိုတာကလည်း ထင်သလောက် ဖြစ်မလာတာကြောင့် အခုဆိုရင် တစ်ချို့သော ပိုင်ရှင်တွေဖက်က ပေါ်ပေါ်တင်တင် အသင်းပြန်အပ်တာတွေတောင် လုပ်လာနေကြပြီ ဖြစ်ပါတယ်။ ဆိုတော့ကာ ပြတ်ပြတ်သားသား ဝေဖန်သုံးသပ်ရရင် မြန်မာနေရှင်နယ်လိဂ်ဟာ အောင်မြင်မှု မရပါဘူး။ အသင်းတွေကို ဖွဲ့စည်းပြီး ပြိုင်ပွဲဝင်ခဲ့ရတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေလည်း ငွေကြေး သိန်းထောင်ပေါင်းများစွာ ဆုံးရှုံးခဲ့ကြပါတယ်။ မူလ ရည်မှန်းချက်တစ်ခုဖြစ်တဲ့ မြန်မာဘောလုံး အဆင့်အတန်း ပြန်လည်မြင့်မားရေး အတွက်ကိုလည်း မြန်မာနေရှင်နယ်လိဂ်က ကြီးမားတဲ့ အထောက်အကူပြုမှု မပေးနိုင်ခဲ့ပါဘူး။ တကယ်တော့ ဒါတွေဟာ အခြေမခိုင်ပဲ ဇွတ်အတင်း မရ ရအောင် ပြောင်းလဲ့ခဲ့ခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေပဲ ဖြစ်ပါတယ်။ နိမ့်ကျနေတဲ့ တိုင်းပြည်ရဲ့ စီးပွားရေးနဲ့ လိုက်လျှောညီထွေ မရှိတဲ့ ကဏ္ဍတစ်ခုကို အကောင်အထည်ဖော်ခဲ့မိခြင်းရဲ့ အကျိုးဆက်တစ်ခုပဲ ဖြစ်ပါတယ်။ စတင်ကျင်းပချိန်တုန်းက ဆုပေးပွဲအခမ်းအနားတွေ ဖလားအပ်ပွဲ အခမ်းအနားတွေကို ဆီဒိုးနားလို ဟိုတယ်ကြီးတွေမှာ တက်ပြီးကျင်းပနိုင်ခဲ့ပေမယ့် အခုအခါမှာတော့ အဲဒီ အသံတွေလည်း တိတ်ဆိတ်ပျောက်ကွယ်စပြုသွားခဲ့ပြီ ဖြစ်ပါတယ်။ စတင်ကျင်းပစဉ် အခါက ၀က်ဝက်ကွဲ လာအားပေးခဲ့ကြတဲ့ ပရိသတ်တွေလည်း အခုအခါမှာတော့ ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားခဲ့ကြပါပြီ။ ဒီလို အနေအထားတွေ ကြုံနေရပေမယ့်လည်း မြန်မာနေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲကိုတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေဖက်က မဖြစ်မနေ ဆက်လက် အကောင်အထည်ဖော်မယ့် သဘောမှာ ရှိပါတယ်။ မလျှော့သော ဇွဲလုံ့လတစ်ရပ် ချမှတ်ပြီး အကောင်အထည်ဖော်ဖို့ သံဌိဓာန် ချမှတ်ထားတဲ့ သဘောလေးတွေ ပြောကြားနေတာ ဖတ်ရတဲ့ အတွက်လည်း ကြိုဆိုပါတယ်။ သို့သော်လည်းပဲ အနှစ်မပါဘဲ အဆံသက်သက် ခရီးဆက်ဖို့ လုံးပမ်းနေတာမျိုး ဆိုရင်တော့လည်း . . . . . . . .  ဒီတစ်ပတ်နားခွင့်ပေးပါဦး။

ဦးမျိုးကြီး