Live Score

 

ပြန်လည်ဆန်းစစ်ဖို့ လိုလာတဲ့ မြန်မာ့လက်ဝှေ့ ပြက္ခဒိန် - ဦးမျိုးကြီး

တကယ်တော့ ဦးမျိုးကြီးဟာ နှစ်ပေါင်း ၂၀ ကျော်လောက် ဘိန်းလောကမှာ ကျင်လည်ခဲ့တဲ့ ဘိန်းစားတစ်ယောက် ဆိုပေမယ့်လည်း ဆန့်ကျင်ဘက် အရာတစ်ခုဖြစ်တဲ့ အားကစားနဲ့ ပတ်သက်လာရင်လည်း ထဲထဲဝင်ဝင် ရှိခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ဒါကလည်း ဖခင်ကြီး ခင်မောင်ထွေး (ပျဉ်းမနား)သွားလေရာ နောက်က တစ်ကောက်ကောက်ပါအောင် လိုက်ခဲ့ရသူဖြစ်နေတာကြောင့်ပဲ ဖြစ်ပါတယ်။

ဦးမျိုးကြီးကို ဘိန်းသံသရာက လွတ်မြောက်အောင် အဓိကနေရာက စွမ်းဆောင်ပေးခဲ့တာဟာလည်း ဒီအားကစားပဲ ဖြစ်ပါတယ်။ အားကစားသမားတစ်ယောက် အနေနဲ့တော့ မဟုတ်ပါဘူး။ အားကစားစာပေကို ရေးသားတဲ့ အားကစား ဂျာနယ်လစ် တစ်ယောက်အဖြစ် ဘ၀ရဲ့ တစ်စိတ်တစ်ပိုင်းကို ပုံဖော်ဖြစ်ခဲ့တာကြောင့်လည်း ဘိန်းစားဘ၀က လွတ်မြောက်ခဲ့ရတာဖြစ်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဒါကြောင့် အားကစားနဲ့ပတ်သက်လာရင် ဦးမျိုးကြီး အင်မတန် သံယောဇဉ်ကြီးပါတယ်။ သံယောဇဉ်ကြီးတာနဲ့အမျှ အားကစား အဆင့်အတန်း ကျဆင်းနေတဲ့အပေါ် ရင်ထုမနာ ဖြစ်နေသူတွေထဲမှာလည်း ထိပ်ဆုံးက ပါပါတယ်။ ဒါကြောင့်လည်းပဲ အားကစားနဲ့ပတ်သက်လာရင် ဘယ်အဖွဲ့အစည်း ဘယ်လူပုဂိ္ဂုလ် တစ်ဦးတစ်ယောက်ရဲ့ မျက်နှာကိုမှ မထောက်ဘဲ ကိုယ်မြင်တဲ့ထောင့်ကနေ ထောက်ပြနေလေ့ရှိခဲ့ပါတယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့ အားကစား အဆင့်အတန်း ပြန်လည်တိုးတက်ရေးနဲ့ နိုင်ငံတကာမှာ ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်ရေးအတွက်က လွဲပြီး ကျန်တာတွေ ဘာတစ်ခုမှ မရှိဘူးဆိုတာတော့ စိတ်ရှင်းရှင်းနဲ့ ၀န်ခံရမှာဖြစ်ပါတယ်။

ဆိုတော့ကာ အခုတလော သတင်းမီဒီယာတွေနဲ့ ဆိုရှယ်မီဒီယာတွေထက် မြန်မာ့ရိုးရာ အားကစားနည်း တစ်ခုဖြစ်တဲ့ မြန်မာ့လက်ဝှေ့နဲ့ ပတ်သက်ပြီး ပြောကြ ဆိုကြ ငြင်းကြ ခုန်ကြတာတွေကို မြင်တွေ့ကြားသိ ဖတ်ရှုနေရတာဟာဖြင့် မြန်မာရိုးရာလက်ဝှေ့ အနာဂတ်ကာလအတွက် စိုးရိမ်စရာ အနေအထားတစ်ရပ်ကို ရောက်လာနေပြီလားလို့တောင် ဦးမျိုးကြီးကတော့ အတွေးပိုနေမိပါတယ်။ တခြားကြောင့်တော့ မဟုတ်ပါဘူး။ မြန်မာ့လက်ဝှေ့ပွဲတွေ ကျင်းပနေတာဟာဖြင့် လိုတာထက် ပိုနေတယ်လို့ အထင်ရောက်နေမိလို့ပါ။ ဒီနေရာမှာ လွန်ခဲ့တဲ့ ကာလတစ်ခုကို ပြန်သွားကြည့်ရင် ဦးမျိုးကြီးတို့ ရွှေနိုင်ငံတော်ကြီးမှာ အခုလိုပဲ မြန်မာ့လက်ဝှေ့ပွဲတွေနဲ့ ခြိမ့်ခြိမ့်သဲ စည်ကားခဲ့ဖူးပါတယ်။

ဘုရားပွဲ၊ ပြည်ထောင်စုနေ့အခမ်းအနား အစရှိသဖြင့် ပွဲတော်တွေ၊ ဘုရားပွဲတွေမှာ မြန်မာ့လက်ဝှေ့ကို ရုံသွင်းကျင်းပခဲ့ကြတဲ့အပြင် ဟိုကန်ထရိုက်ကလည်း လက်ဝှေ့ပွဲ၊ ဒီကန်ထရိုက်ကလည်း လက်ဝှေ့ပွဲနဲ့ တစ်လတစ်လ မြန်မာ့လက်ဝှေ့ပွဲ မရှိတဲ့လဆိုတာ ခပ်ရှားရှားဆိုတာလို ဖြစ်ခဲ့ကြတာပါ။ အဲဒီလိုတွေ ကျင်းပနေလို့ တကယ်ရော မြန်မာ့လက်ဝှေ့ အားကစားသမားတွေ ထွက်ပေါ်လာသလားဆိုတော့ တစ်ခါလာလည်းဒီလူ၊ နောက်ခဏနေလို့ နောက်တစ်ပွဲ ကျင်းပတော့လည်း ဒီပုဂိ္ဂုလ်တွေနဲ့ပဲ စခန်းသွားခဲ့ကြပြီး နောက်ဆုံးမှာတော့ မြန်မာ့လက်ဝှေ့ကို ပရိသတ်က စိတ်မ၀င်စားကြတော့တာပဲ အဖတ်တင်ကျန်ရစ်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက လက်ဝှေ့သမားတွေ အကြားမှာလည်း လုပ်ပွဲတွေထိုးတယ်ဆိုတဲ့ စွပ်စွဲချက်တွေ၊ ပြစ်တင်ဝေဖန် သံတွေရှိခဲ့ပေမယ့် ဘယ်သူမှ ထိထိ ရောက်ရောက် အရေးယူထာမျိုး မရှိခဲ့သလို အချို့သောပွဲစဉ်တွေ ဆိုရင် ပထမအချီ တစ်မိနစ်မပြည့်ခင်မှာတင် ကြမ်းပေါ်လှဲအိပ်ပြီး ငွေရှာသွားခဲ့ကြပါတယ်။ ဒီနေရာမှာ ဦးမျိုးကြီးတို့ ရန်ကင်းမှာဖြစ်ခဲ့တဲ့ တကယ်အဖြစ်အပျက်လေး တစ်ခုကို ပြန်ပြီးဖောက်သည်ချချင်ပါသေးတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ လောက်ကဆိုတော့ ကြာခဲ့ပါပြီ။ အဲဒီအချိန်တုန်းက မြန်မာနိုင်ငံမှာ အင်မတန်နာမည်ကြီးတဲ့ မြန်မာ့လက်ဝှေ့သမားကြီး နှစ်ဦးကို ရုံသွင်းပါတယ်။ တကယ့်ထိပ်တန်း လက်ဝှေ့သမားကြီး နှစ်ဦးဖြစ်တဲ့အပြင် တစ်ယောက်က တစ်ပွဲနိုင်လိုက်၊ နောက်တစ်ပွဲကျနောက် တစ်ယောက်က နိုင်လိုက်ဖြစ်နေတာကြောင့် ပရိသတ်က တော်တော်လေး စိတ်ဝင်တစားရှိခဲ့ကြပါတယ်။ သို့သော်လည်းပဲ တကယ်တမ်းလည်း ထိုးကြရော တစ်မိနစ် မပြည့်ခင်မှာတင် ပြိုင်ဘက်လက် ဝှေ့သမားကြီးတစ်ဦးက ကြမ်းပြင်ပေါ်လှဲအိပ်တာ ပြန် ထမလာတော့ပါဘူး။ အဲဒီမှာတင် ပရိသတ်က လုပ်ပွဲဆိုပြီး ခေါက်ကုလားထိုင်တွေနဲ့ပစ်၊ ရုံတွေခွာ၊ ၀ါးလုံးတွေနဲ့ ၀ိုင်းရိုက်လိုက်တာ ပွဲပါပျက်တဲ့အပြင် ရုံပါပြိုပါလေရော၊ ဒါဟာအတိတ်က တကယ်ဖြစ်ခဲ့ဖူးတဲ့ အဖြစ်အပျက် တစ်ခုပါ။ ဒီလိုဖြစ်စဉ် မကြာခဏပေါ်လာခဲ့ပြီး နောက်ပိုင်းမှာတော့ မြန်မာ့လက်ဝှေ့ အားကစားနည်းဘက်ကို ပရိသတ်က လုံးဝနီးပါး စိတ်ကုန်ခမ်းသွားခဲ့ပြီး မြန်မာ့လက်ဝှေ့ အခန်းကဏ္ဍဟာ တော်တော်လေး မှေးမှိန်သွားခဲ့ရပါတော့တယ်။

အဲဒီလို မြောင်းထဲရောက်လုလု အနေအထားကို ရောက်နေတဲ့ မြန်မာ့လက်ဝှေ့ အားကစားနည်းကို စင်ပေါ်ပြန်တင်ပေးခဲ့တာဟာ ဒီကနေ့အချိန်အခါ လူ့လောကထဲ ရှိမနေတော့တဲ့ ရိုးရာအားကစား နည်းအဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်း ဒေါ်မိမိခင်ပါ။ သူ့လက်ထက်မှာ မြန်မာ့လက်ဝှေ့ပွဲတွေ ပြန်လည်ကျင်းပနိုင်အောင် စည်းရုံးလှုံ့ဆော်နိုင်ခဲ့တာကြောင့်လည်း ရိုးရာလက်ဝှေ့ဟာ ပြန်လည်စည်ပင် ဖွံ့ဖြိုးလာခဲ့တာ ဖြစ်ပါတယ်။ ဒါတွေဟာ အထောက်အထားမဲ့ ပြောနေတာ မဟုတ်သလို၊ လက်ရှိအချိန်မှာ မြန်မာ့လက်ဝှေ့နဲ့ပတ်သက်ပြီး တာဝန်ကြီးကြီးယူထားတဲ့ ကိုစိုင်းဇော်ဇော်တို့လည်း အသိဆုံးပဲ ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက ဒေါ်မိမိခင်ဟာ ရိုးရာအားကစားနည်းတွေနဲ့ ပတ်သက်ပြီး ဖခင်ကြီး ခင်မောင်ထွေး(ပျဉ်းမနား)ထံ အရောက်အပေါက် များခဲ့သလို မြန်မာ့လက်ဝှေ့ကျင်းပရေးနဲ့ ပတ်သက်ပြီးတော့လည်း ကိုစိုင်းဇော်ဇော်တို့ဟာ ဖခင်ကြီးထံ အရောက်အပေါက်များခဲ့ကာ သူတို့တတွေနဲ့ တွေ့ဆုံတဲ့ အခါတိုင်းမှာလည်း ဦးမျိုးကြီးက အမြဲလိုလို ဘေးမှာရှိနေခဲ့တာပါ။

အဲဒီအချိန်ကနေ စတင်ပြီး ပြန်လည်စည်ပင်ဖွံ့ဖြိုးစပြုလာတဲ့ မြန်မာ့လက်ဝှေ့ကို အဆက်ဆက် တာဝန်ယူခဲ့ကြတဲ့ ဥက္ကဋ္ဌကြီးတွေက ဆက်လက် ထိန်းသိမ်းထားခဲ့လို့လည်း အခုဆိုရင် မြန်မာ့လက်ဝှေ့ဟာ နိုင်ငံတကာမှာတောင် တော်တော်လေး ခရီးပေါက်နေခဲ့ပြီ ဖြစ်ပါတယ်။ အရင်ကလည်း နိုင်ငံတကာကို ခရီးမပေါက်ခဲ့ဘူးလားလို့မေးရင် ပေါက်ခဲ့တာပေါ့လို့ပဲ ဖြေရမှာဖြစ်ပါတယ်။ ခရီးပေါက်လို့လည်း နိုင်ငံရပ်ခြားမှာ ကျင်းပတဲ့ ပြိုင်ပွဲတွေရှိရာကိုတောင် ဒီကသွားပြိုင်တဲ့ မှတ်တမ်းတွေရှိခဲ့တာပေါ့။ ဒါပေမဲ့ လက်ရှိအချိန်လောက် အထိတော့ ကျယ်ကျယ်ပြန့်ပြန့် မဖြစ်သေးဘူးဆိုတာကိုလည်း ၀န်ခံရမှာဖြစ်ပါတယ်။ အဲဒီလို မြန်မာလက်ဝှေ့နဲ့ ပတ်သက်ပြီး ပြည်တွင်းမှာသာမက နိုင်ငံတကာမှာပါ အလားအလာကောင်းတွေ မြင်တွေ့လာရချိန်မှာပဲ ဟိုတစ်ယောက်ကလည်း ရုံသွင်း နောက်တစ်ယောက်ကလည်း စိန်ခေါ်ပွဲဆိုတာတွေ လုပ်လာကြတာဟာဖြင့် မြန်မာ့လက်ဝှေ့ အားကစားကို ချစ်ရာမကျပဲ နှစ်သလိုများ ဖြစ်နေလားဆိုတာကိုလည်း ခေါင်းအေးအေးထားပြီး သုံးသပ်ကြဖို့ အချိန်တန်ပြီလို့ ဦးမျိုးကြီးကတော့ သက်ဆိုင်သူအားလုံးကို စေတနာရှေ့ထားပြီး တောင်းဆိုလိုပါတယ်။ ဒါဟာအကြောင်းမဲ့ပြောနေတာ မဟုတ်ပါဘူး။ ပူပူနွေးနွေးကျင်းပခဲ့တဲ့ မြန်မာ့လက်ဝှေ့ စိန်ခေါ်ပွဲတွေရဲ့ ပရိသတ်ဝင်ရောက်မှုနှုန်းကို ပြန်သုံးသပ်ကြည့်ရင်ဘဲ တော်တော်လေး ထင်သာမြင်သာ ရှိနေခဲ့ပြီဖြစ်ပါတယ်။ စပွန်ဆာတွေ ရထားလို့ လက်မှတ်မရောင်းရ လည်း အရေးမစိုက်ဘဲ ပရိတ် သတ်မပါတဲ့ လက်ဝှေ့ပွဲတွေနဲ့အတူ ရှေ့ခရီးဆက်ချင်နေကြတယ် ဆိုရင်တော့လည်း သဘောပါပဲ။ တကယ်တော့ ကိုယ်ခံပညာချင်း ယှဉ်ပြိုင်ရတဲ့ အားကစားနည်းတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာမှာတော့ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ အများကြီးရှိသလို မြန်မာလက်ဝှေ့နဲ့ ပတ်သက်ပြီးတော့လည်း အဖွဲ့ချုပ်အနေနဲ့ စည်းကမ်းချက်တွေရှိနေမှာ ဖြစ်တယ်လို့ ဦးမျိုးကြီးကတော့ အပြည့်အ၀ ယုံကြည်ပါတယ်။ တစ်နှစ်ကို ဘယ်နှပွဲ ကျင်းပမယ်၊ လက်ဝှေ့သမား တစ်ယောက်ကို ဘယ်နှပွဲပဲ ထိုးရမယ် အစရှိသဖြင့်ပေါ့။ ဒါဆိုရင် ၂၀၁၆ ခုနှစ်အတွင်းမှာ လက်ဝှေ့ပွဲ ဘယ်နှစ်ပွဲကျင်းပမယ် လက်ဝှေ့သမားတစ်ယောက်ကို ဘယ်နှစ်ပွဲပဲ ထိုးရမယ်ဆိုတဲ့ စည်းမျဉ်းအတိုင်း ကျင်းပဖြစ်ရဲ့လား ဆိုတာကို သုံးသပ်ရတော့မှာ ဖြစ်ပါတယ်။ လက်ဝှေ့သမား တစ်ယောက်ဟာ တစ်နှစ်ကို လက်ဝှေ့ ဘယ်နှပွဲ ထိုးခွင့်ရှိသလဲ ဆိုတာကလည်း ထည့်သွင်းစဉ်းစားရမယ့် အချက်တစ်ခု ဖြစ်နေပါတယ်။

နိုင်ငံတကာ လက်ဝှေ့ပွဲတွေမှာတော့ အနည်းဆုံး ၆ လ၊ တစ်နှစ် တချို့များဆို လေ့ကျင့်ချိန်တွေ အများကြီးယူပြီးမှ ထိုးသတ်ကြတာ ဖြစ်ပါတယ်။ အဲလို မထိုးလို့လည်း မရဘူးလေ။ နှစ်လတစ်ခါလောက် ထိုးနေတဲ့ လက်ဝှေ့သမား တစ်ယောက်ဟာ ဒီလောက် ပွဲဆက်တွေများနေမှတော့ ဘယ်မှာလာပြီး ကြံ့ခိုင်မှု ပြည့်ဝတော့မှာတုန်း။ အဲဒီလိုတွေလည်း ဖြစ်လာရော စင်ပေါ်မှာ ဖက်လိုက် လှဲလိုက် ချိန်လိုက် လုပ်ရင်းက အချိန်တွေ ဖြုန်းတာတွေကို ပရိသတ်က စိတ်ပျက်ပြီး လက်ဝှေ့ပွဲဆိုရင် ကျီးနဲ့ ဘုတ်ဘုတ်ဖြစ်လာမှာ မလွဲပါဘူး။ ဒီလိုတွေ ပြောနေတဲ့အတွက် အခု အဲလိုတွေဖြစ်နေတယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ အဲသေချာတာ တစ်ခုကတော့ ဒီပုံအတိုင်းဆက်သွားရင် သေချာပေါက် အဲလိုတွေ ဖြစ်လာမယ် ဆိုတာကိုတော့ ရဲရဲကြီး အသိပေးလိုပါတယ်။ ဒါကြောင့် လက်ရှိကျင်းပနေတဲ့ လက်ဝှေ့ပွဲတွေကို ရေးဆွဲထားတဲ့ ပြက္ခဒိန်အတိုင်း ကျင်းပခဲ့တာပါ ဆိုရင်တော့ သက်ဆိုင်ရာ လူကြီးမင်းတွေ အနေနဲ့ ရိုးရာလက်ဝှေ့ပြက္ခဒိန်ကို အခုထက်ပိုပြီး စနစ်တကျ ပြန်လည်ရေးဆွဲဖို့ လိုအပ်နေပြီဖြစ်ကြောင်း စေတနာရှေ့ထား တင်ပြလိုက်ရပါတယ်။

ဦးမျိုးကြီး