Live Score

 

မြန်မာနိုင်ငံတွင် ကျင်းပသည့် မြန်မာ့ရိုးရာ လက်ဝှေ့ကမ္ဘာ့ ချန်ပီယံလုပွဲတွင် မြန်မာမီဒီယာဂရု(ပ်)က သမိုင်းသစ် ရေးထိုးနိုင်ခဲ့ (နာမည်ကြီး ထွန်းထွန်းမင်းက ပြိုင်ဘက်ချူးထိုင်းကို အလဲထိုး အနိုင်ယူ)

မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့ အဖွဲ့ချုပ်မှ ကြီးမှူး၍ မြန်မာမီဒီယာဂရု(ပ်)က စီစဉ်ကျင်းပသည့် မြန်မာ့ရိုးရာ လက်ဝှေ့ ကမ္ဘာ့ချန်ပီယံလုပွဲတွင် မြန်မာမီဒီယာဂရု(ပ်)က သမိုင်းသစ် ရေးထိုးနိုင်ခဲ့ပြီး နာမည်ကြီး တွဲဆိုင်းဖြစ်သည့် ထွန်းထွန်းမင်းနှင့် ချူးထိုင်း တွဲဆိုင်းတွင် ထွန်းထွန်းမင်းက ချူးထိုင်းကို ပထမ အချီမှာပင် အလဲထိုး အနိုင်ယူခဲ့သည်။


အဆိုပါ ကမ္ဘာ့ချန်ပီယံလုပွဲကို မြန်မာလက်ဝှေ့သမားများအား လာအို၊ ကာဇက်စတန်၊ ဂျပန်၊ ကင်ညာ၊ အီရန်၊ ရုရှား၊ ကနေဒါနှင့် ထိုင်းတို့မှ လက်ဝှေ့ သမားများနှင့် ယှဉ်ပြိုင်စေခဲ့ပြီး တွဲဆိုင်း ရှစ်ဆိုင်းတွင် မြန်မာ လက်ဝှေ့သမားများက ခြောက်ဆိုင်းအထိ အလဲထိုး အနိုင်ယူခဲ့သည်။

ပွဲစဉ်(၁)တွင် ဆူပါဘော (လာအို)က စွမ်းထက်နိုင်(မြန်မာ)ကို ဒုတိယ အချီမှာပင် အလဲထိုး အနိုင်ယူခဲ့သည်။ ပွဲစဉ်(၂)တွင် ရဲသွေးနီ(မြန်မာ)က အယ်လ်ဂို ရှော့အာဇာမက်(ကာဇက်စတန်) ကို အလဲထိုး၊ ပွဲစဉ်(၃)တွင် ထွန်းလွင်မိုး(မြန်မာ)နှင့် အုက(ဂျပန်) တွဲဆိုင်းတွင် ဒုတိယအချီမှာပင် ဆရာဝန်က အုက(ဂျပန်)ကို ဆက်မထိုးသင့်ကြောင့် ဆုံးဖြတ်ခဲ့သဖြင့် ထွန်းလွင်မိုး(မြန်မာ)ကို အနိုင်ပေးခဲ့သည်။ ပွဲစဉ်(၄)တွင် သားအသဲ တစ်ပွင့်(မြန်မာ)က လီယိုနာ့ဒ် (ကင်ညာ)ကို အလဲထိုး အနိုင်ယူခဲ့သည်။ ပွဲစဉ်(၅)တွင် ဖျံသွေး(မြန်မာ)က မာဆွတ်(အီရန်)ကို အလဲထိုး အနိုင်နှင့် စောဂေါ်မူတို (မြန်မာ)က ရှပ်ရှားကော့အာတပ်(ရုရှား)ကို အနိုင်ရရှိခဲ့သည်။ နာမည်ကြီး တွဲဆိုင်းနှစ်ခုဖြစ်သည့် တူးတူး(မြန်မာ)နှင့် ဒေ့လက်ဒပ် (ကနေဒါ) တွဲဆိုင်း၊ ထွန်းထွန်းမင်း (မြန်မာ)နှင့်ချူးထိုင်း(ထိုင်း)တွဲဆိုင်းများတွင် တူးတူး(မြန်မာ)က  ဒေ့လက်ဒပ်(ကနေဒါ)ကို အရပ် ကွာခြားမှုကြောင့် အနည်းငယ် အထိနာခဲ့သော်လည်း ပူးတွဲသရေကျခဲ့ပြီး ထွန်းထွန်းမင်း(မြန်မာ)နှင့် ချူးထိုင်း(ထိုင်း) တွဲဆိုင်းတွင် ချူးထိုင်းက ထွန်းထွန်းမင်းကို အဘက်ဘက်မှ ယှဉ်ပြိုင်နိုင်ခြင်း မရှိဘဲ ပထမ အချီမှာပင် အလဲထိုး ခြင်းခံရပြီး အရှုံးပေးခဲ့ရသည်။

အဆိုပါပွဲကို ပရိသတ် အားပေးမှုများပြားခဲ့ပြီး ရုံပြည့်ရုံလျှံ လာရောက်အားပေးခဲ့ကြကာ ပွဲစဉ်များကိုလည်း ပရိသတ် အကြိုက် တွေ့ခဲ့ကြသည်။

ပွဲစဉ် မစတင်မီ အချိန်တွင်  ပရိသတ်အား ဖျော်ဖြေသည့် အစီစဉ်များလည်း ပါဝင်ခဲ့ပြီး ပထမဦးစွာ မြန်မာ့ရိုးရာကို ဖော်ထုတ် ပြသသည့် အနေဖြင့် ပန်တျာကျောင်းဆင်းများက အပျိုတော်ယိမ်းဖြင့် ဖျော်ဖြေတင်ဆက်ပေးခဲ့သည်။ ထို့နောက် ခေမီကို အကအဖွဲ့နှင့် အဆိုတော် ထူးအယ်လ်လင်းက ယခုပွဲအတွက် သီးသန့်စပ်ဆိုထားသည့် တေးသီချင်းများဖြင့် ဖျော်ဖြေပေးခဲ့သည်။

အဆိုပါ လက်ဝှေ့ပွဲကို Air KBZမှ အဓိကပံ့ပိုးကူညီ ပေးခဲ့ကြောင်း သိရသည်။