Live Score

 

ဒဂုံရွှေအောင်လံလုပွဲတွင် မြန်မာလက်ဝှေ့မယ် ရွှေစင်မင်းနှင့် ဂျပန်နပန်းမယ် မိုမိုကို ယှဉ်ပြိုင်မည်

မြန်မာနိုင်ငံ ရိုးရာလက် ဝှေ့အဖွဲ့ချုပ်က ကြီးမှူးကျင်းပမည့် မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ Air KBZ  ဒဂုံရွှေအောင်လံလုပွဲတွင် အထူးပွဲအဖြစ် မြန်မာလက်ဝှေ့မယ် ရွှေစင်မင်းနှင့် ဂျပန်နပန်းမယ် မိုမိုကိုတို့ ယှဉ်ပြိုင်မည့် အမျိုးသမီးပွဲစဉ် ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိ သည်။


တတိယအကြိမ် Air KBZဒဂုံရွှေအောင်လံလုပွဲကို  လာမည့်ဒီဇင်ဘာ ၁၁ ရက်တွင် ရန်ကုန်မြို့ သိမ်ဖြူအားကစားရုံ၌ ကျင်းပမည်ဖြစ်သည်။

‘‘ဒီနှစ် အောင်လံလုပွဲမှာ အရင်နှစ်တွေနဲ့မတူတဲ့ ထူးခြားတဲ့တင်ဆက်မှုတွေနဲ့ ကျင်းပသွားမှာပါ။ အနိုင်၊ အရှုံး ရလဒ်ထွက် ပေါ်ရင် ရွှေခါးပတ်ချီးမြှင့်မယ်။ပူးတွဲသရေဆိုရင် ပူးတွဲချန်ပီယံ ရွှေတံဆိပ် ချီးမြှင့်မယ်။ ရွှေခါး ပတ်တော့ မချီးမြှင့်ဘူး’’ဟု ပွဲစီစဉ် သူ ဦးဝဏ္ဏကပြောကြားသည်။

အောင်လံလုပွဲ (အမျိုးသား) ပွဲစဉ်များတွင်  ငါးချီစိန်ခေါ်ပွဲများ သာ ထည့်သွင်းကျင်းပမည်ဖြစ်ပြီး မြန်မာပြည်ချန်ပီယံ ထွန်းထွန်းမင်းနှင့် ကနေဒါလက်ဝှေ့သ မား ဒေ့ဗ်လက်တပ်၊ ဖျံသွေးနှင့်အီရန်လက်ဝှေ့သမား ဟာဒီ၊ လွမ်ချိုင်းနှင့် စိန်လုံးချော၊ ထွန်းမင်း နိုင်နှင့် မိုက်သွေး၊ စွမ်းထက်နိုင်နှင့် ဒေါင်းဖြူ၊ ရာမာဉ်နှင့် ထက်အောင်ဦးတို့ ယှဉ်ပြိုင်မည်ဖြစ် သည်။ အမျိုးသမီးအထူးလေးချီ စိန်ခေါ်ပွဲအဖြစ် ရွှေစင်မင်းနှင့် ဂျပန်နပန်းမယ် မိုမိုကိုတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။

 ယင်းအောင်လံလုပွဲသို့ ဂျပန်နိုင်ငံမှ မြန်မာ့ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲ စီစဉ်သူများလာရောက်ကြည့်ရှုမည်ဖြစ်ပြီး ၂ဝ၁၇ ဖေဖော်ဝါရီတွင် ဂျပန်နိုင်ငံ တိုကျိုမြို့၌ ကျင်းပမည့် မြန်မာ့ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲအတွက် လက်ဝှေ့သမားများ ရွေးချယ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ထွန်းထွန်းမင်းနှင့် ဒေ့ဗ်လက်တပ်တို့သည် အောက်တိုဘာက ရန်ကုန်မြို့ သိမ်ဖြူအားကစားရုံ၌ ကျင်းပသည့် နိုင်ငံတကာ ရိုး ရာလက်ဝှေ့စိန်ခေါ်ပွဲတွင် ပထမ အကြိမ် ယှဉ်ပြိုင်ခဲ့ဖူးပြီး  သရေ ရလဒ်ထွက်ပေါ်ထားသည်။