Live Score

 

လေ့ကျင့်ရေး အဆင့် ဘောလုံးကွင်းတွင် မြန်မာ ယူ-၁၉ အသင်း အနိုင်ရသော်လည်း နောက်တစ်ဆင့် တက်ရန် မသေချာ

ဗီယက်နမ် နိုင်ငံတွင် ကျင်းပနေသော အာဆီယံ ယူ-၁၉ ဘောလုံးပြိုင်ပွဲ အုပ်စု(ဘီ)၏ မြန်မာနှင့် ကမ္ဘောဒီးယားပွဲစဉ်တွင် မြန်မာအသင်းက ၃-၀ ဖြင့် အနိုင်ရရှိခဲ့သည်။


အုပ်စု (B) အခြားပွဲစဉ်တွင် ထိုင်းအသင်းက သြစတြေးလျ အသင်းကို ၅-၁ ဂိုးဖြင့် အနိုင်ယူ သွားခဲ့၍ နောက်ဆုံး ပွဲစဉ်များ အနေအထားများ အရ မြန်မာအသင်း နောက်တစ်ဆင့် တက်ရန် မျှော်လင့်ချက် နည်းသွားခဲ့သည်။

မြန်မာနှင့် ကမ္ဘောဒီးယား ကစားခဲ့သော ကွင်းမှာ ပွဲကြည့်စင် အပြည့်အစုံရှိသော ပြိုင်ပွဲ ကစားသည့် ကွင်းမျိုး မဟုတ်ဘဲ လေ့ကျင့်ရေး အဆင့်သာ ရှိသော ကွင်း ဖြစ်နေသည်ကို တွေ့ရသည်။ ရပ်ကွက် ဘောလုံးပွဲကဲ့သို့ ကွင်းနံဘေးတွင် မတ်တပ်ရပ် ကြည့်နေသူများကိုလည်း တွေ့မြင်ရသည်။

မြန်မာ အသင်း အတွက် ဂိုးများကို ၂၀ မိနစ်တွင် ဇော်သက်ပိုင်နှင့် ၄၉ မိနစ်တွင် အောင်နိုင်ဝင်းက သွင်းယူခဲ့ပြီး မိနစ်၂၀ တွင် ရရှိခဲ့သော ပထမဆုံးဂိုးမှာ ကမ္ဘောဒီးယားတို့ ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့ခြင်း ဖြစ်သည်။

မြန်မာ အသင်းသည် စက်တင်ဘာ ၁၄ ရက်နေ့ ပွဲစဉ်တွင် လာအို အသင်းကို ၄-၄ နှင့် သရေ ရလဒ် ရရှိခဲ့သဖြင့် ယခုပွဲစဉ် အနိုင်ရရှိမှသာ အကြို ဗိုလ်လုပွဲ တက်ခွင့် မျှော်လင့်ချက် ရှိမည် ဖြစ်သောကြောင့် ကြိုးစား ကစားသွားခဲ့သည်။

မြန်မာ အသင်းသည် လာအိုနှင့် ပွဲတွင် ပထမပိုင်း၌ ၄-၁ ဂိုးဖြင့် အနိုင်ရ ဦးဆောင်နေသော်လည်း ဒုတိယပိုင်းတွင် ကစားအား ကျဆင်းခဲ့ပြီး အသင်းသားများ မကြာခဏ လဲကျနေသည်ကို တွေ့ရသဖြင့် ကြံ့ခိုင်မှု အတွက် မေးခွန်း ထုတ်စရာ ဖြစ်ခဲ့သည်။

နည်းပြ ဦးမျိုးလှိုင်ဝင်း၏ အသင်းအား ကိုင်တွယ်မှုကိုလည်း ၄င်းကိုင်တွယ်ခဲ့သော နေပြည်တော် ကလပ် အသင်း အခြေအနေနှင့် ပြီးခဲ့သည့် ကမ္ဘောဇဖလား လေးနိုင်ငံ ယူ-၁၉ ဘောလုံး ပြိုင်ပွဲတွင် ရရှိခဲ့သည့် မြန်မာအသင်း၏ ရလဒ်တို့ကို ဥပမာပေး၍ ဘောလုံး ပရိသတ် အကြား ဝေဖန်မှုများ ရှိနေကြသည်။ မန္တလေးတွင် ကျင်းပခဲ့သည့် လေးနိုင်ငံ ဖိတ်ခေါ်ပွဲတွင် မြန်မာအသင်းသည် စတုတ္ထ ရရှိခဲ့သည်။